အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

အမာ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသော အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၉၂) ဦး၊ မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၂၃) ဦး၊ စုစုပေါင်း(၁၂၄)ဦးအား ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ကျောင်းသားကျောင်းသူများကိုလည်း ကာကွယ်ဆေး (ပထမအကြိမ်)အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ တာဝန်ခံဆရာမ ဒေါ်ခင်ချောစုထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာမများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)