တောင်ပေါ် တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ် ခြံစည်းရိုးနယ်နိမိတ်အစပ်တွင် လျှောက်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပုသိမ် စက်တင်ဘာ ၁

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တောင်ပေါ်၊ တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ်ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့မှ  ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ရှေ့ လျှောက်လမ်း လုပ်ဆောင်နေမှုအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဦးဆောင်ကာ ပုသိမ်မြို့ စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ ၂၀၂၂ ခုနစ်၊ ဇူလိုင်လ တတိယပတ်တွင် လုပ်ငန်းစတင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အင်ကြင်းဆောင်အနီး တက္ကသိုလ်ခြံစည်းရိုး နယ်နိမိတ်အစပ်မှ တက္ကသိုလ်ဆိုင်ကယ်ရပ်နားသည့် နေရာအထိ ပေအရှည်(၁၀၀၀)၊ အကျယ်(၈)ပေ၊ (၆)လက်မထုအား ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆိုင်ကယ် stand ဝင်ပေါက်မှ တက္ကသိုလ်ဝင်မုဒ်ဦး အဓိပတိလမ်းအထိ ပေအရှည်(၇၀၀)၊ အကျယ် (၈)ပေ၊ (၆)လက်မထု အား Colour bricks ခင်းခြင်း၊ စတီးလက်ရန်းတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း ပေ(၁,၇၀၀)ရှိကြောင်းသိရသည်။

ယခုအခါ ပုသိမ်တက္ကသိုလ်ရှေ့မျက်နှာစာရှိ ရေမြောင်းအား ပြန်လည်ပြုပြင်ဆယ်တင်ပြီး လမ်းနေရာ တိုးချဲ့ခြင်းများ ဆောင်ရွက်ထားရှိပြီး လျှောက်လမ်းခင်းခြင်းလုပ်ငန်းတွင် အမာခံကျောက်ချောလမ်း ခင်းကျင်း ပြီးစီးပြီဖြစ်ကာ လျှောက်လမ်းခင်းခြင်းလုပ်ငန်းတွင် စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း (၁၇၀)ကျော် ကုန်ကျ မည်ဖြစ်ပြီး၊  နိုဝင်ဘာလတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ  သိရသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)