ပွင့်ဖြူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာ ခန်းမ၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း အောင် က လက်ရှိတွင် ဖြစ်ပွားနေသော ကိုဗစ် - ၁၉ ရောဂါသည် လျင်မြန်စွာ ကူးစက် ပြန့်ပွား နေသည့်အတွက် မိမိတို့မြို့နယ်အတွင်း ကူးစက် ပြန့်ပွားမှုမရှိစေရေး ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် မြို့အဝင် ၊ အထွက်နေရာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ လုံခြုံရေးလုပ်ငန်းများ အပါ အဝင် ခရီးသွားလာသူများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို (၂၄)နာရီ ကြပ်မတ် စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဖွဲ့စည်းထားရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သော ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြစေလိုကြောင်းနှင့် ပြည်သူများ အပြင်သွားလာရာ၌ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင် သွားလာကြရန်နှင့် မလိုအပ်ဘဲ အပြင် သွားလာခြင်းများ မပြုလုပ်ရန် အသိပညာ ပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များအပေါ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ် သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )