တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး   တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့တက်ရောက်

ထားဝယ်   စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်  ၉ ရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးက ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်၂၀၁၀ ခုနှစ်နောက်ပိုင်း သက်ကြီးရွယ်အိုဦးရေ တိုးတက်များပြား လာသည်ကိုတွေ့ရကြောင်း၊ သက်ကြီးရွယ်အိုများ အတွက်စီးပွားရေး၊ လူမှုရေးနှင့်ကျန်းမာရေးတို့တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သောအခက်အခဲနှင့် စိန်ခေါ်မှုများကို အထူးအလေးပေးထည့်သွင်းစဉ်းစားရမှာဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအတွင်း ၂၀၂၂ -၂၀၂၃ခု၊ဘဏ္ဍာနှစ်(၁)ဦးလျှင် ၃၀,၀၀ဝိ/-ကျပ်နှုန်းဖြင့် ပထမသုံးလပတ်အတွင်း ဘိုးဘွား (၅၃၃၆)ဦးအတွက် ကျပ်သန်း(၁၆၀)ကျော်ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယသုံးလပတ်အတွက် ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ လူမှုအားမာန်အဖွဲ့များကိုဖွဲ့ စည်းခြင်းဖြင့်ရပ်ရွာ အတွင်းရှိသက်ကြီးရွယ်အိုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဖြစ်တဲ့ ဝင်ငွေ အာမခံချက်ရရှိရေး၊ ချေးငွေနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ရရှိရေး၊ သဘာဝဘေးများနှင့် အခြားသော အရေးပေါ်အခြေအနေများအတွင်း စောင့်ရှောက်မှု ခံစားနိုင်ရေး၊ သက်မွေးဝမ်း ကျောင်းဆိုင်ရာအလုပ်အကိုင်များရရှိရေး၊ အဟာရပြည့်ဝစွာရရှိရေး၊သက်ကြီးအမျိုး သမီးများ၏ ဦးဆောင်မှုအဆင့်အတန်းညီမျှစွာရရှိနိုင်ရေးနှင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးအပြင်ရပ်ရွာအတွင်းရှိ ကလေးသူငယ် များ ပညာသင်ကြားမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ခြင်းစတဲ့ အကျိုးခံစားခွင့်များရရှိနိုင်မှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်အခွင့်အရေးများကို ဖော်ဆောင်ပေး နိုင်ရေးအတွက်ဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များကဌာနမှ ဆောင်ရွက်နေသောသက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်အနားကျင်းပနိုင်ရေး ကိစ္စရပ်များ၊ လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်း နိုင်ရေးအကြောင်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ဆွေးနွေးတင်ပြချက်များအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)