ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ်များအား ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား

ပြည် စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခန်းမဆောင်၌ ယနေ့နံနက် ၁၀နာရီက ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့ တက်ရောက်အားပေးသည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ဒေါ်မေသူဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ပြည်(ခုတင်-၅၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာစိုးက သင်တန်းစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကြိုးစားလေ့လာသင်ယူကြရန် သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြားသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ဒေသကွပ်ကဲရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က သင်တန်းသား၊ သင်တန်းသူများကို လိုအပ်သည်များ မှာကြားကာ အားပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းများ၌  ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်၊မြို့နယ်နှင့် တိုက်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ပေးထားသော ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်) ၁၁ဦး၊ (ဆေးစပ်) ၈ဦးနှင့် စိစစ်ဆေးမှူး-၄ (ဆေးမှတ်တမ်း) ၇ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ ဝန်ထမ်းသစ်(၂၆)ဦးတို့အား  သက်ဆိုင်ရာ ကျွမ်းကျင် ကျန်းမာရေးဆရာ၊ ဆရာမများက  ပြည်(ခုတင်-၅၀၀) ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာ(၁)ရက်နေ့မှစတင်၍ သင်တန်းကာလ(၆)လကြာ ဘာသာရပ်အလိုက် ပညာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)