ပဲခူး စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်း က ပဲခူးမြို့ဟံသာဝတီယူနိုတ်တက် ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအရာရှိများနှင့် ပဲခူးမြို့မှ ဘောလုံးဝါသနာရှင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဗိုလ်လုပွဲစဉ်တွင် ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ငူခရိုင်အသင်းက ပဲခူးခရိုင်အသင်းအား (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ပထမတံခွန်စိုက်ဆုဖလားအား ဆွတ်ခူးရရှိသွားခဲ့သည်။
ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသူ တောင်ငူခရိုင်မှ မင်းထက်ဦးအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို ဥပဒေချုပ် ဦးခင်မောင်တင့်က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အနောက်တန်း အားကစားသမားဆုရရှိသူ ပဲခူးခရိုင်မှ သီဟဇော်အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အလယ်တန်းအားကစားသမားဆုရရှိသူ တောင်ငူခရိုင်မှ ဟိဏ်းသီဟအား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အရှေ့တန်းအားကစားသမားဆုရရှိသူ တောင်ငူခရိုင်မှ လင်းပြည့်အောင်အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက လည်းကောင်း၊ အကောင်းဆုံးဘောလုံးသမားဆုရရှိသူ ပဲခူးခရိုင်မှ ကျော်ဇင်ဦး အား ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၁)သိန်းကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက် က လည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၇)သိန်းကို တိုင်းလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် က လည်းကောင်း၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုငွေကျပ် (၃)သိန်း၊ ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်းနှင့် ပထမဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ်(၁၀)သိန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)