ပခုက္ကူ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင် ကာကွယ် မှု အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ် ဖြင့်သာ ယနေ့ နံနက် ပိုင်းကစ၍ရောင်းချလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါဆင့်ပွားကူးစက်မှု ခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင် များတွင်ဆိုင်ထိုင်စားသောက်ခြင်းမှရောဂါကူးစက်ခံရသူများပါဝင်နေကြောင်း စိစစ် တွေ့ရှိရသဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များအားပါ ဆယ်(Take-Away) စနစ်ဖြင့်သာရောင်းချရန် မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (Covid-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ညွှန်ကြားထားခြင်းကြောင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိစားသောက်ဆိုင်များကိုစက်တင်ဘာ၁၂ ရက်နှင့် ၁၃ရက်များ၌အသံချဲ့စက်ဖြင့် လိုက်လံ၍အသိပညာပေးလုပ်ငန်းများကြိုတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့် စက်တင်ဘာ၁၄ ရက် နေ့မှ စ၍ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away)စနစ်ဖြင့်သာ ရောင်းချရန် အသိပညာ ပေးခဲ့ပြီး ချမှတ်ထားသောညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
ကိုတမာ(ပြန်ဆက်)