ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် ECG စက်တစ်လုံးနှင့် အလှူငွေများလှူဒါန်း

ဖျာပုံ  စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ECG စက်တစ်လုံးနှင့် အလှူငွေများကို ဖျာပုံမြို့ရှိ စေတနာရှင်အလှူရှင်များက ဖျာပုံခရိုင်ဆေးရုံအုပ်ကြီးထံ စက်တင်ဘာ ၁၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

ဖျာပုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော ငွေနှင့်ပစ္စည်းများကို မြို့မိမြို့ဖများက လှူဒါန်းလျက်ရှိရာ ဖျာပုံမြို့နေ (ဦးလှသိန်း)၊ သီရိသုဓမ္မသိင်္ဂီဒေါ်မြသန်း(စိန်နဂါး စိန်ရွှေရတနာဆိုင်)မိသားစုမှ ECG စက်တစ်လုံးနှင့်ငွေကျပ်(၂၀)သိန်း၊ ဦးဘဟိန်း၊ ဒေါ်ခင်စန်းရီ (နန်းတော်သစ်ရွှေဆိုင်)နှင့် စိန်မင်္ဂလာ ဆန်စက်တို့မှ အလှူငွေ ကျပ်(၁၀)သိန်းကို ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ(၆)ဦး၊ Facility Quarantine အဖြစ် အသွားအလာကန့်သတ်စောင့်ကြည့်သူ(၂၉၇)ဦး၊ Home Quarantine နေအိမ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့် ထားသူ (၁၆၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လှလှနွယ်(ခရိုင်ပြန်/ဆက်)