ဓနုဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အသိပညာပေး လှုပ်ရှားမှုပြုလုပ်

ဓနုဖြူ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ အသိပညာပေး လှုပ်ရှားမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို ဓနုဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးလှမျိုးသန့် ဦးဆောင်မှုဖြင့် အဖွဲဝင်များမှ ဓနုဖြူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးရှေ့နှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးရုံးရှေ့ မြေစိုက်ဘုတ်တို့တွင် အသိပညာပေး ပိုစတာများကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အကြောင်းအမျိုးမျိုးကြောင့် တကွဲတပြားဖြစ်နေသည့် မိသားစုများအား လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် အသိပညာပေးနှိုးဆော်ခြင်း လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)