ငဖဲမြို့နယ် နယ် ဇောကျေးရွာ(အ.မ.က)တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ငဖဲ  စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန်ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၉ နာရီက နယ်ဇောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ဌာနမှဆောင်ရွက်လျက်ရှိသည့် ပြည်သူအသိပညာပေးလုပ်ငန်းများ၊ နေ့ထူးနေ့မြတ်များ၊ ကျောင်းသား/ သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေး၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့်  ငါးသုံးကောင်ပုံပြင်ကို ကျောင်းသားကျောင်းသူများအား အသိပညာပေးပြောကြားသည်။

ဟောပြောပွဲအပြီးတွင် ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇ ရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ကာ ပြသထားရှိသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနံရံကပ်စာစောင်နှင့် ဓါတ်ပုံပြကွက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ ရုပ်ပြများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)