ကျိုက်လတ် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှေးဦးစွာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်းပြောကြားပြီး မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် တင်ပြစရာများရှိပါက တင်ပြပေးစေလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို သိရှိပါကြောင်း၊ ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးအတွက် CCTV တပ်ဆင်စေလိုကြောင်း၊ မိမိတို့ဌာနအလိုက် သန့်ရှင်းရေးများလည်း ဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းက လုံခြုံရေးနှင့်သက်ဆိုင်သည်များနှင့် နယ်မြေတည်ငြိမ် အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)