ကျောင်းကုန်းမြို့တွင် Community Base Facility Quarantine ပြည်သူ (၁၉၅) ဦးအား ဆန်၊ အချိုရည်နှင့် မုန့်များ ထောက်ပံ့

ကျောင်းကုန်း   စက်တင်ဘာ   ၁၄

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Community Base Facility Quarantine (၃၄) နေရာရှိ ပြည်တွင်း ပြည်ပများမှ ပြန်လာသူ (၁၉၅)ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ဆန်၊ အချိုရည်နှင့်မုန့်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် အ.ထ.က(ခွဲ)ဆိပ်ဖူးနီကျောင်း၌ ပြည်တွင်းပြန်(၂၁)ဦးရှိရာ တစ်ဦးလျှင် ဆန်(၄) ပြည်စီနှင့်ရေသန့်ဗူး၊ အအေး၊ မုန့်များပေးအပ်ခဲ့ကြပြီး လုံခြုံရေးဆောင်ရွက် ပေးသူများအား ကော်ဖီ မစ်၊ ရေသန့်၊ အချိုရည်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအိုင်အုပ်စု၊အ.မ.က ကျောင်း အိုင်ကျောင်း၌ ထားရှိသည့် ပြည်တွင်းပြန် (၁၄)ဦး ကိုလည်း မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယမန်နေ့က ထောက်ပံ့ပေးအပ်မှုတွင် တစ်ဦးလျှင် ဆန်(၄) ပြည်နှုန်းဖြင့် ၁၉၅ ဦးအား ဆန်(၃၂)အိတ်နှင့် ရေသန့်၊ အအေး၊ မုန့် စုစု ပေါင်း(၁၁)သိန်းခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခင်က Community Base Facility Quarantine (၂၁) ရက် ထားရှိရာ မှ ယခုအခါ (၁၄)ရက်သာ နေရမည်ဖြစ်ပြီး Home Quarantine ဆက်လက်နေသွားရမည်ဖြစ်ကြောင်း၊ မိသားစုများ မှတစ်ဆင့် ကူးစက်မှုမရှိစေရေး ယခုလိုထားပေးရခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံက သိရှိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)