မော်လမြိုင် စက်တင်ဘာ ၁
မော်လမြိုင်မြို့၊ တောင်ဝိုင်းဘိုးဘွားရိပ်သာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒများနှင့်အညီ ကာကွယ်စောင့်ရှောက်မှု လိုအပ်သူများကို နိုင်ငံတော်ကိုယ်စား ကာကွယ်စောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ရပ်ရွာအတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားရှိသော ဂေဟာရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသည့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၏ စားဝတ် နေရေး ဖူလုံနိုင်စေရေးအတွက် နိုင်ငံတော်မှ ခွဲဝေရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ နှစ်စဉ် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ အစိုးရအဖွဲ့အစည်း တစ်ခုတည်း ဆောင်ရွက်ခြင်းထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများနှင့် ရပ်ရွာ လူထုတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဂေဟာ/ရိပ်သာများရဲ့ ထောက်ပံ့ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျ သုံးစွဲခြင်း၊ စာရင်းစစ်ဆေးခံယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၊ မုဒုံဘိုးဘွားရိပ်သာ၊ သထုံဘိုးဘွားရိပ်သာနှင့် သံဖြူဇရပ် ဘိုးဘွားရိပ်သာတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး ဘိုးဘွားရိပ်သာများကိုယ်စား အမှုဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မွန်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဆောင်ရွက် လျက်ရှိသည့် လူငယ်ရိပ်သာ(၂)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ (၄) ခု၊ အမျိုးသမီးဂေဟာ (၁) ခု၊ ဘိုးဘွားရိပ်သာ (၄)ခု၊ လူမှုအားမာန်အဖွဲ့ (၁၁) ဖွဲ့တို့ရှိပြီး ယခု ၂၀၂၂-၂၀၂၃ ခု၊ဘဏ္ဍာရေး နှစ်မှာ အဆိုပါအဖွဲ့အစည်းများအနက် ဘိုးဘွားရိပ်သာ(၄)ခုအတွက် ထောက်ပံ့ ငွေကျပ်သန်း (၁၂.၀၉၉) အား ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်