သံတောင်ကြီးမြို့တွင် နေအိမ်ပြင်ပသွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေး

သံတောင်ကြီး စက်တင်ဘာ ၁၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  အသိပညာပေးခြင်းများ   ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်၄လမ်းဆုံနှင့် မြို့ပေါ် ရပ်ကွက်များတွင် နေအိမ်ပြင်ပ သွားလာသူများ Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ (၅၀၀၀) ကျပ် ပေးဆောင်စေခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းကို စက်တင်ဘာလ (၆) ရက်မှ (၁၁)ရက် နေ့အထိရပ်ကွက် ၄ လမ်းဆုံနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ ဒေသန္တရ ညွှန်ကြားချက်များကို အလေးအနက် လိုက်နာစေရန်အတွက် ယခုကဲ့သို့ အရေးယူမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးကော်မတီ အတွင်းရေးမှူး နော်မာမာချိုထံက သိရသည်။ အဆိုပါ လုပ်ငန်းများကို သံတောင်ကြီးမြို့နယ် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်