မြောင်းမြမြို့ ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ဆိုင်ခန်းများ နေရာချထားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

မြောင်းမြ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၊ ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်း ခြင်းနှင့် ဈေးသည်များအတွက်  ဆိုင်ခန်းများ အတည်တကျ ဆောက်လုပ်နေရာ ချထားပေးရေးအတွက် တာဝန် ရှိသူများနှင့် စျေးသူစျေးသားများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က --က()ကျောင်း၊ မနော်ဟယ်ရီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ကွန်ကရစ်လမ်းခင်းခြင်းနှင့် စျေးသူဈေးသားများကို ဆိုင်ခန်းများ အတည်တကျ နေရာပြန်လည် ချထားရေးအတွက် ရှင်းလင်းအမှာစကား ပြောကြားသည်။ ဆက်လက်ပြီး စျေေးဆိုင်ခန်းများ နေရာချထားရေးကိစ္စနှင့် ပတ်သက်၍ ဒိုဘီကုန်းဈေး ကော်မတီမှ တာဝန်ရှိသူများက ဆွေးနွေးရှင်းလင်းသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်းနေခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဒိုဘီကုန်းစျေးလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ခြင်းကို သော်ဇင်သန့်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး (၆)ပေ ပတ်လည်စျေးဆိုင် တစ်ခန်းကို ကျပ် ၃၆၅၀၀၀/- ဖြင့် ကုမ္ပဏီနှင့် စျေးသူစျေးသားများ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင်  ညှိနှိုင်းစျေး သဘောတူညီမှုရခဲ့ပြီး ဆိုင်ခန်းပေါင်း(၁၂၀)ခန့် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒိုဘီကုန်းစျေးလမ်းသည် (၁၁၂၀) ပေ အရှည်ရှိပြီး စည်ပင်သာယာရေးကော်မတီမှ (၉၈၀)ပေ ခင်းပေးပြီး စျေးသူ/ဈေးသားများက စုပေါင်း၍ (၁၄၀)ပေ ခင်းမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)