ငဖဲ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ ၄၂၅၇၄ ဧက လျာထား၍ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ထိ (၃၁၈၅၉)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်းထံမှ သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မန်းချောင်းရေလှောင်တမံဆည်ရေနှင့် ရင်းရှည်ရေ လှောင်တမံဆည်ရေတို့ကို အဓိကအားထားပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများကို စိုက်ပျိုး လုပ်ကိုင်စားသောက်ကြသည်။ သီးနှံများစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မန်းချောင်းရေလှောင်တမံမှ ဆည်ရေကို လက်ဝဲ၊ လက်ယာမြောင်းမကြီးတစ်လျှောက် စနစ်တကျ ဆည်ရေဖြန့်ဝေပေးသည့်အတွက် တောင်သူများ စိုက်ပျိုးထားသော သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ယခု ၂၀၂၂ ခုနှစ် မိုးသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေနှင့် ရင်းရှည်ရေလှောင်တမံမှဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက (၁၀၃၁၁)ဧက၊ နှံစားပြောင်း (၁၂၇)ဧက၊ အစေ့ထုတ်ပြောင်းနှင့်ဖူးစားပြောင်း (၈၃၀)ဧက၊ ဆီထွက်သီးနှံ(၉၇၉၁)ဧက၊ သစ်ဆိမ့် (၁)ဧက၊ ချည်မျှင်ရှည်ဝါ(၃၅၀၀)ဧက၊ ပဲအမျိုးမျိုး (၇၅၃၅)ဧက၊ ငရုတ်(၂၁၆)ဧက၊ ငရုတ်ကောင်း(၃၂၇)ဧက၊ ကော်ဖီ(၁၀၆၆)ဧက၊ လက်ဖက် (၃၂၀)ဧက၊ ပရဆေးပင်များ (၂၇၂)ဧက၊ ကွမ်း (၆)ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ (၅၉၂၉)ဧက၊ ဝဉ(၂၉၅)ဧက၊ ဟင်းသီးဟင်းရွက် (၆၂၁)ဧက၊ ငှက်ပျော (၂၀၃)ဧက၊ အုန်း (၃၅)ဧက၊ ထန်း (၃၉)ဧက၊ သစ်သီးပင်များ (၁၀၈၃)ဧကနှင့် ကြက်ဆူကြား (၆၇)ဧက စုစုပေါင်း (၄၂၅၇၄)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ထိ မိုးစပါးနှင့် အခြားမိုးသီးနှံများစိုက်ပျိုးမှု (၃၁၈၅၉)ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံများ စိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး Online မှလည်း အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)