မြိတ် ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်(၁၅)ခုနှင့် ငွေတံဆိပ်(၄)ခုရရှိခဲ့သော မြိတ်ခရိုင် ပြိုင်ပွဲဝင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ မြိတ်လေဆိပ်တွင် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲ၌ အခြေခံပညာအဆင့် အသက်(၁၀-၁၅) ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ အသက်(၁၅-၂၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ အဆိုပြိုင်ပွဲ၌ အဆင့်မြင့်ပညာအဆင့်တွင် ရွှေတံဆိပ်(၄)ခု၊ ဝါသနာရှင်(ဒုတိယတန်း)တွင် ရွှေတံဆိပ်(၁)ခု၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်(၁၀-၁၅)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ အသက်(၁၅-၂၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ အရေးပြိုင်ပွဲတွင် ဝါသနာရှင်(ဒုတိယတန်း)တွင် ရွှေတံဆိပ်(၁)ခုနှင့် ဝါသနာရှင်(ဒုတိယတန်း) အကပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ အခြေခံပညာအဆင့်အသက်(၁၀-၁၅)အဆိုပြိုင်ပွဲတွင် ငွေတံဆိပ်(၂)ခု၊ အဆင့်မြင့်ပညာအဆင့်အဆိုပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု စုစုပေါင်း ရွှေတံဆိပ်(၁၅)ခုနှင့် ငွေတံဆိပ်(၄)ခုရရှိခဲ့ကြောင်း သိရသည်။
ဆုတံဆိပ်များရရှိခဲ့သော ပြိုင်ပွဲဝင်များအား မြိတ်လေဆိပ်တွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုလည်ဆွဲ၊ ဂုဏ်ပြုပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မြိတ်ခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်(၁၇)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအလိုက် ဆုတံဆိပ်များရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ ပြိုင်ပွဲဝင်များအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအဖြစ် ဆက်လက်သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်အဖွဲ့မှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)