ပွင့်ဖြူ ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂မိုင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု ၉၀ ရာခိုင်နှုန်းကျော် ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ ပြည်ထေင်စုရန်ပုံငွေကျပ် ၄၆ ဒသမ ၉၆၅ သန်းဖြင့် လမ်းအရှည်ပေ ၁/၃ ဒသမ ၅၂ မိုင် အား လမ်းအကျယ် ၁၂ ပေ ၊ ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၁၄ ရက်နေ့က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ၉၀ ရာခိုင်နှုန်းကျော် ဖောက်လုပ်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် ဒေသခံကျေးလက်နေပြည်သူများ ရေရှည်အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြီကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းစုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၉၀၂ အိမ်မှ လူဦးရေ ၃၇၈၆ ဦး၏ စိုက်ပျိုးလယ်မြေဧက ၄၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် သီးနှံစိုက်ခင်းများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )