ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့်  မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာဒေါ်စိုးစိုးအေးက အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင့်ဆွေက လူကုန်ကူးမှု ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးသူများ အသုံးပြုလုပ်ဆောင်နေသည့် နည်းလမ်းများ၊ လူကုန်ကူး သူများ၏ လူကုန်ကူးမှုဆောင်ရွက်နေသည့် ရည်ရွယ်ချက်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်စဉ်များအကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို  စာစီစာ ကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ဘားအံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊  ဌာနမှူး ပါမောက္ခနှင့် ဒုတိယပါမောက္ခများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)