မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်‌ရေးနှင့် စီမံကိန်းလျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဒေသတွင်း စားသုံးဆီဖူလုံစေရေး၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်‌ရေးနှင့် စီမံကိန်းလျာထား ချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးနှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနိုင်တို့က ခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ဆီထွက်သီးနှံ(နေကြာ)အပြင် စိုက်ပျိုးရေရရှိမှု အပေါ်မူတည်၍ ရာသီအလိုက် အခြားသီးနှံများကို စနစ်တကျ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ရေခွန် မြေခွန်များ လစဉ်ကောက်ခံရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ တောင်သူများနှင့် သွားရောက်တွေ့ဆုံကွင်းဆင်းပြီး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိုးစပါး၊ ဝါနှင့် နေကြာ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးသည့်တောင်သူများအား နိုင်ငံတော်အစိုးရက ယူရီယားဓါတ်မြေ ဩဇာကို နှစ်ဧက တစ်အိတ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ထုတ်ဈေးအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထားရှိမှု၊ ဒေသတွင်း စားသုံဆီဖူလုံစေရေး ဆီထွက်သီးနှံအဖြစ် မိုး(နေကြာ) မျိုးစေ့ထုတ်စိုက်ခင်းများအပြင် သီးညှပ်၊ သီးသန့် စိုက်ပျိုးထားရှိမှုနှင့် ဆောင်(နေကြာ)နှင့် အခြားသီးနှံများ ဆက်လက်စိုက်ပျိုးသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များရှိ ကိုင်း/ကျွန်း၊ လယ်၊ ယာမြေများ၌ မိုးနေကြာကို မျိုးစေ့ထုတ်စိုက်ခင်းများပြင် သီးညှပ်၊ သီးသန့်စိုက်ခင်းများအဖြစ် ဩဂုတ်လ ၃၀ ရက် နေ့အထိ ဧကပေါင်း (၉,၀၀၀)ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ ဦးစီးမှူးများ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)