မြန်အောင် စက်တင်ဘာ ၁၄
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီကရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို မြန်အောင်မြို့ အ.ထ.က (၂)နေခြည် ၊ အ.လ.က လက်ပန်ရပ် ၊ အ.မ.က ယွန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိပြီး ကျောင်းတစ်ကျောင်းလျင် ရပ်ကွက်/ကျေးရွာ အုပ်စု (၄)အုပ်စုမှ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၃၀)ဦးစီ တက်ရောက်ကြောင်းသိရသည်။
သင်တန်းကို မြန်အောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်လှိုင်နှင့်အဖွဲ့ဝင်များက ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များကို ရှင်းလင်း သင်ကြားပေးလျက်ရှိပြီး မြန်အောင်မြို့နယ်အတွင်း မြို့မတိုက်နယ်၊ ကနောင်တိုက်နယ်၊ အင်ပင်တိုက်နယ်၊ တောင်ရိုးတိုက်နယ်၊ ရွှေကျင်တိုက်နယ်၊ သပြေကုန်း တိုက်နယ်တို့တွင် စက်တင်ဘာ ၁၅ ရက်နေ့မှစက်တင်ဘာ ၁၇ ရက်နေ့အထိ နေရာများခွဲ၍ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)