တနင်္သာရီမြို့နယ်တွင် အသက်(၅)နှစ်နှင့်(၁၂)နှစ်အကြားရှိ ကျောင်းသူ/သားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(ပထမ)အကြိမ်ထိုးနှံပေး

တနင်္သာရီ  ဩဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အကြားရှိ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆေးထိုးစုရပ်များခွဲပြီး ဇွန် လ၂ ရက်ကျောင်းဖွင့် ရက်မှစတင်၍ အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာ (၇)ကျောင်းမှ ကျောင်းသူ/သား (၈၂)ဦးအား (ပထမ)အကြိမ်အဖြစ် ကျန်းမာရေးဌာနဆရာမများက ကျောင်းများသို့ကွင်းဆင်း၍ ထိုး နှံပေးကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာ-မူလွန်ကျောင်းဆေးထိုးစုရပ်တွင် ကျောင်းသူ/သား(၂၉)ဦး၊ ကတော့ကမ်းရွာ-မူလွန်ကျောင်းတွင်(၈) ဦး၊ အမက-ညောင်ဇင်ထောင်ရွာတွင်(၅)ဦး၊ အမက-ထုံနွယ်တွင်(၁)ဦး၊ အမက-ကမ်းတိုရွာတွင်(၃၆)ဦးနှင့်အမက-ဇလုံးကျေးရွာ၌(၃) ဦး.. အားလုံးစုစုပေါင်း (၈၂)ဦးတို့အားကျန်းမာရေးဌာနဆရာမများကထိုးနှံကြရာ ပညာရေးဌာနဆရာ/မများက ပူးပေါင်း ကူညီပေးကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဌာနဆရာမများက အပူချိန်တိုင်းတာပေး၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးထိုးပြီးပါက နောက်ဆက်တွဲဆိုးကျိုးများရှိ/မရှိကိုသိရှိနိုင်ရန် မိနစ်(၃၀)အကြာ စောင့်ကြည့်ခြင်းတို့ဖြင့် စနစ်တကျဆောင်ရွက်ပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)