ဝါးခယ်မ ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ကျံမငေးမြို့မဈေး တို့တွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမန်းထွန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်း၊ ဆိုင်းပုဒ်များစိုက်ထူခြင်း၊ ‟ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ် ကိုရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် အသားငါးများနှင့်ဟင်းသီး၊ ဟင်းရွက်များ၊ အသုံးဆောင် ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူ များ စသည့် ပစ္စည်းများဖြင့် အစားထိုး သုံးစွဲစေရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)