သံတောင်ကြီး ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လနောက်ဆုံးပတ်မှစ၍ ဖာလာစိုက်ပျိုးတောင်သူများမှာ ဖာလာသီးများစွတ်ခူးရန်အတွက် ဥယျာဉ်ခြံများသို့ သွားရောက်ကြကြောင်းသိရသည်။
အဆိုပါ ဖာလာပင်များကို မိုးတွင်းအချိန် ဇွန်လတွင်စိုက်ပျိုးပြီး (၃)နှစ်ခန့်တွင် အသီးများစတင်သီးကာ ဩဂုတ်လနောက်ဆုံးပတ်မှ အောက်တိုဘာလအထိ ဆွတ်ခူးကြသည်။ ဖာလာခြောက်များကို တောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့တင် ပို့ရောင်းချကြသည်။ ယခင်နှစ်တွင် ဖာလာပေါက်ဈေး (၁)ပိဿာလျှင် ကျပ် (၅၀၀၀)မှ ကျပ်(၇၀၀၀)ထိသာရရှိသော်လည်း ယခုနှစ်တွင် ဖာလာပေါက်ဈေး(၁)ပိဿာလျှင် ကျပ်(၈၀၀၀) မှ ကျပ်(၁၀၀၀၀) ထိရရှိပြီး ဒေသခံပြည်သူများ အတွက် စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်လော်မူ