နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

နတ်မောက် ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)  နာရီအချိန်က တမာပင်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အား/ကာမှူးက ‘လူငယ်နှင့်ခေါင်းဆောင်မှု’ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ  လူငယ်များအားလုံးကို ကမ္ဘာ့စံချိန်မီ ကျန်းမာစေရန် အရေးကြီးကြောင်း၊ ပညာပြည့်ဝ၍ ဗဟုသုတကြွယ်၀ရန်၊ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကျယ်ပြန့်စေပြီး အချင်းချင်း ရိုင်းပင်းကူညီ၍ ပညာသင်ကြားကြရန်၊  ခေါင်းဆောင်စိတ်မွေးမြူကြရန်နှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် စာဖတ်နည်း(၃)မျိုးကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကျောင်းတာဝန်ခံ ဆရာမက တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးက ကျောင်းတာဝန်ခံ ဆရာမထံ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ နတ်မောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများကို ပညာရေးဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း