ကြံခင်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက တကွဲတပြားဖြစ်သွားသော မိသားစုများကို လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန်ရည်ရွယ်ပြီး ကွဲကွာနေသောမိသားစုများ ပြန်လည်ဆက်သွယ်ပေးရေး အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လူစည်ကားရာ နေရာများတွင် ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်ခင်စန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးကွဲကွာ သွားသော မိသားစုများကို လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း ဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနက ကူညီဆောင်ရွက်ပေးခြင်းကို ပြည်သူများသိရှိစေရန် အသိပညာပေး ပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်(၂၀၀)ကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)