မင်းဘူးခရိုင်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ရေးသွင်းနေမှုနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စီစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ရှေ့ပြေးစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက် မှန်ကန်စွာ ရေးသွင်းနိုင်ရေးနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်နိုင်ရေးအတွက် ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် လ.ဝ.ကရုံးမှ ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နောင်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေရေးနှင့် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် ရှေးပြေးစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းအနေဖြင့် (၈၅၁,၄၄၄)ဦးရှိပြီး အိမ်ထောင်စု လူဦးရေစာရင်းရေးသွင်းရာ၌ လူဦးရေစာရင်းပြုစုပြီး မြေပြင်တွင် စာရင်းဇယားအချက်အလက် ပြည့်စုံ မှန်ကန်မှုရှိစေရေး ရေးသွင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လ.ဝ.ကဦးစီးမှူးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ခရိုင်ဦးစီးမှူးတို့က မြို့နယ်အလိုက် လူဦးရေစာရင်းများ ပြုစုရေးသွင်းဆောင်ရွက်ရာ၌ မွေးသက္ကရာဇ် ပြည့်စုံမှုရှိစေရေး၊ သေဆုံးသူများအား အိမ်ထောင်စုလူဦးရေစာရင်းမှ ပယ်ဖျက်နိုင်ရေး၊ အသက်(၁၈)အထက်နှင့် (၁၈)အောက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေး နိုင်ရေး၊ လူဦးရေစာရင်းဇယားများတွင် နှစ်ကြိမ်နှင့်အထက် ပါဝင်သူများ မရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး လိုအပ်သည့် အချက်အလက်များကို ပြည့်စုံမှုရှိအောင် ဆက်လက် ဆောင်ရွက်နိုင်ရေး ထည့်သွင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက မြို့နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်း ရေးသွင်းနေမှု၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အိမ်ထောင်စု လူဦးရေစာရင်းရေးသွင်းရာတွင် စာရင်းဇယား ကိန်းဂဏန်းအချက်အလက်များကို တိကျမှန်ကန် စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)