ကြံခင်း သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ မွန်းလွဲပိုင်းက ပေါက်နွယ်စမ်းကျေးရွာအုပ်စု မဲဇလီကျေးရွာနှင့် ခုံကြီးကျေးရွာအုပ်စု၊ တာရိုးကုန်းကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် အဖွဲ့(၁)တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများက မဲဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ အဖွဲ့(၂)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကိုကို ဦးဆောင်သော မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခုံကြီးကျေးရွာ အုပ်စု၊ တာရိုးကုန်းကျေးရွာ ဓမ္မာရုံတွင် လည်းကောင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းတံတား၊ လျှပ်စစ်မီးရရှိရေး၊ အိမ်ထောင်စု စာရင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေး ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒေသနေပြည်သူများ၏ တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပေါက်နွယ်စမ်းကျေးရွာအုပ်စုရှိ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားများအား စားဝတ်နေရေး အဆင်ပြေစေရန် အခြေခံစားသောက်ကုန် ဆန်(၈)အိတ်နှင့် ခုံကြီးကျေးရွာအုပ်စုရှိ သက်ကြီးဘိုးဘွားများအား အခြေခံစားသောက်ကုန် ဆန်(၉)အိတ်အား ထောက်ပံ့ပေးခြင်း၊ ကျေးလက်နေပြည်သူများအား မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင် ဦးဆောင်သောအဖွဲ့မှ အထွေထွေရောဂါဝေဒနာရှင် များအား ဆေးကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိသော ပြည်သူ(၄၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်းများအား စစ်ဆေးခြင်းနှင့် ကျောင်းကျန်းမာရေး ဟောပြောပွဲဆောင်ရွက်ခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးအပ်ခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာ အုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)