သာပေါင်း ဩဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သြဂုတ်လ(၃၀)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day) တွင် မိသားစု ပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်း အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ကြသည်။
နှစ်စဉ် ဩဂုတ်လ(၃၀)ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့” အဖြစ် သတ်မှတ်ထားရှိရာ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကိုနိုင်နှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များမှ လူစည်ကားရာ လမ်းဆုံလမ်းမများ၊ ဈေးထိပ်၊ အဝေးပြေးမော်တော်ယာဉ်များသို့ လှည့်လည်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ အများပြည်သူမှ သိလိုသည်များကို ဖြေကြားပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံး ကွဲကွာသူများ၊ တကွဲတပြားဖြစ်သွားသော မိသားစုများကို မိသားစုဝင်များနှင့် အဆက်အသွယ် ပြန်လည်ရရှိစေရန်၊ လူသားချင်းစာနာ ထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်း ပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် အသင်းခွဲများက အသိပညာပေးပိုစတာများ ကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေနှိုးဆော်ခြင်း လှုပ်ရှားမှုများကို တပြိုင်နက်တည်း ဆောင်ရွက်ပေးလျက် ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်