သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ် ဓါတ်ပုံပြသခြင်း၊ စာအုပ်စာစောင်များ ပြသငှား‌ပေးခြင်းများ ဆောင်ရွက်

သာပေါင်း ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓါတ်ပုံပြသခြင်း၊ စာအုပ်စာစောင်များ ပြသငှားပေးခြင်းများ ဆောင်ရွက်ကြသည်။

အခြေခံပညာ မူလတန်း (ကျွန်းကလေး)ကျောင်းနှင့် အ‌ခြေခံပညာ မူလတန်းလွန် (ကညင်ချောင်း) ကျောင်းတို့တွင် မြို့နယ်စခန်းမှူး ဒုတိယရဲမှူးဝင်းနိုင်ဦးမှ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာအချက်အလက်များ၊ လူကုန်ကူးမှုဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းကဌာန၏ လုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်း ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် စာဖတ်ရှိန်မြင့်မားရေး ဟောပြောရာ စာဖတ်ခြင်းဖြင့် အသိအမြင်ဗဟုသုတများ တိုးပွားလာပြီး ဦးနှောက်နှင့်စဉ်းစား၊ ဉာဏ်ပညာဖြင့်ချင့်ချိန်ဆုံးဖြတ်နိုင်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်၍ လိမ္မာယဉ်ကျေးသော မျိုးဆက်သစ်လူငယ် ကလေးများဖြစ်လာမှာ ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ယဉ်ယဉ်မြင့်မှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ထွေထွေဗဟုသုတ သိမှတ်စရာတို့ကို ဆက်လက်ဟောပြောပြီးနောက် ကျောင်းသား၊ကျောင်းသူကလေးများအား ဟောပြောချက်များမှ မှတ်သားဖွယ် အချက်အလက်တို့ကို ပြန်လည်ဆန်းစစ်မေးမြန်းကြရာ ပြန်လည်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူတို့အား ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်