ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အေးကိုမိသားစုကုမ္ပဏီမှ အခြေခံပညာကျောင်းများသို့ စာရေးစားပွဲနှင့် ထိုင်ခုံများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။
စာရေးစားပွဲနှင့် ထိုင်ခုံများထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဥပဓိရုပ်မကောင်းသောကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ လိုအပ်ချက်ရှိသောကျောင်းများကို ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ခွင့်ပြုပေးလျက်ရှိသကဲ့သို့ ကျောင်း ဆောင်များပြင်ဆင်ခြင်းနှင့် လိုအပ်သောပရိဘောဂများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ထိုက်သင့်သလိုဖြည့်ဆည်းဆောင်ရွက်ပေးနေသော်လည်း ပြည့်စုံမှုရှိလာသကဲ့သို့ လိုအပ်ချက်များလည်း ရှိနေဆဲဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် လိုအပ်ချက်များသော အခြေခံပညာကျောင်း (၁၃)ကျောင်းသို့ ထောက်ပံ့ပေးခြင်းဖြစ်ပြီး လိုအပ်လျက်ရှိသော ကျောင်းများအတွက်လည်း ဆက်လက်ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းအုပ်ကြီးများ ကျောင်းအကျိုးတော်ဆောင်များက မိမိတို့၏တပည့်သားသမီးများအား လူသားအရင်းအမြစ် ကောင်းဖြစ်ထွန်းပေါ်ပေါက်လာရေး၊ သင်ကြားမှုနည်ပယ်တွင် စိတ်ပါပျော်ရွှင်လာနိုင်ရေးအတွက် လိုအပ်ချက်ရှိသော အဆောက်အဦကောင်းမွန်ရေး၊ ပရိဘောဂများပြည့်စုံရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့၌ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ယခုလိုစာရေးစားပွဲနှင့် ထိုင်ခုံများပေးအပ်လှူဒါန်းသည့် အေးကိုမိသားစုကုမ္ပဏီအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၅)ကျောင်းအတွက်လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အထက်တန်းကျောင်း(၂)ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)နှစ်ကျောင်းကိုလည်းကောင်း၊ အေးကိုမိသားစုကုမ္ပဏီမှ အထက(ခွဲ)ကျောင်း(၃)ကျောင်းနှင့် မူလွန်ကျောင်းတစ်ကျောင်းတို့အားလည်းကောင်း စုစုပေါင်းကျောင်း(၁၃)ကျောင်းအတွက် စာရေးစားပွဲ ၃၀၀ လုံးနှင့် ထိုင်ခုံ ၅၀၀ လုံး ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင် အေးကိုမိသားစုကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများကိုယ်စား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စာရေးစာပွဲနှင့်ထိုင်ခုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)