ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/သူများ၊ လူငယ်များ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာ ဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်း များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနများသို့ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်စန်းမြင့်က “ကျွန်မတို့ဌာနဆိုင်ရာရုံးများကို အခုလို Mobile စာကြည့်တိုက်ယာဉ်ဖြင့် ရုံးအရောက် လာရောက်ငှားရမ်းပေးသည့်အတွက် စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်တဲ့အပြင် အားလပ်ချိန်ကိုလည်း အကျိုးရှိရှိအသုံးချနိုင်သည့်အတွက် ဗဟုသုတများစွာ ရရှိပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀) ခန့် တင်ဆောင်၍ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂) အုပ်နှုန်းဖြင့် (၂) ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂) ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်း ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ်စာအုပ်စာစောင်အုပ်ရေ (၂၀၀) အုပ်ခန့် ငှားရမ်း ပေးနိုင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)