ဝါးခယ်မမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့အဖြစ် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဝါးခယ်မ ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဩဂုတ်လ(၃၀)ရက်နေ့သည် "အပြည်ပြည်ဆိုင်ရာပျောက်ဆုံးသူများနေ့" အဖြစ် သတ်မှတ်ထားရှိရာ ဝါးခယ်မမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးစိုးတင့်ဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ကျုံမငေးမြို့တွင်လည်းကောင်း၊ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်မျိုးဟိန်း  ဦးဆောင်းသော ကြက်‌ခြေနီ‌ စေတနာလုပ်အားရှင်များသည် ဝါးခယ်မမြို့ မြို့မဈေးတွင်လည်းကောင်း ကျား ၁၅ ဦး၊ မ ၁၀ ဦး စုစုပေါင်း ၂၅ ဦးတို့သည် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ အများပြည်သူများမှ သိလိုသည်များကို ဖြေကြားပေးခြင်းဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အကြောင်းအမျိုးမျိုးကြောင့် တကွဲတပြားဖြစ်သွားသော မိသားစုများကို လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်း ပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ​အသိပညာပေး နှိုးဆော်ခြင်းများ လှုပ်ရှားမှုများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဟိန်းထက်လင်း

ဝါးခယ်မ (ပြန်/ဆက်)