သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်များ ပေးအပ်

သဲကုန်း ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခွင့် လက်မှတ်ပေးအပ်ပွဲကို ယနေ့နေ့လယ် နှစ်နာရီက သစ်တောဦးစီးဌာန ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးချစ်ကိုကိုတို့က အမှာစကားအသီးသီး ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကိုယ်ကြီးမြုပ်ကျေးရွာတွင် (၄၀၄)ဧက၊ အသုံးပြုသူအဖွဲ့ ၄၄ ဦး၊ ရွာသစ်ကုန်း ကျေးရွာတွင်(၃၇၉)ဧက၊ အသုံးပြုသူအဖွဲ့(၃၅)ဦး၊ သောင်းမဲကြီး ကျေးရွာ(၄၅၆)ဧက၊ အသုံးပြုသူအဖွဲ့(၄၂)ဦး၊ အရှေ့မကွေကျေးရွာ(၃၂၆)ဧက အသုံးပြုသူအဖွဲ့(၄၂)ဦး၊ ဖားစမ်းကန်ကျေးရွာ(၂၈၀)ဧက၊ အသုံးပြုသူအဖွဲ့(၅၆)ဦး စုစုပေါင်းအဖွဲ့(၅)ဖွဲ့၊ အသုံးပြုသူ(၂၁၇)ဦးအတွက် သစ်တောဧက(၁၈၄၅)ဧကအတွက် တည်ထောင်ခွင့် လက်မှတ်များကို ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူအဖွဲ့၏ ဥက္ကဋ္ဌများက လက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒေသခံအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့်ရရှိ အသုံးပြုသူများသည် ကျွန်း၊ ယူကလစ်၊ မန်ဂျန်ရှား၊ လျှော်ဖြူများ စိုက်ပျိုးနိုင်သည့်အတွက် သစ်တောများ ဆက်လက်စိမ်းလန်းစိုပြည်နေမည့်အပြင် ဒေသခံတောင်သူများအနေဖြင့် ထိုသစ်တောများအား နှစ် ၃၀ စိုက်ပျိုးခွင့် ရရှိသွားမည်ဖြစ်ကြောင်း၊ သစ်တောထွက် ပစ္စည်းများကိုလည်း သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပိုင်ခွင့် ရရှိသွားမှာဖြစ်ကြောင်းနှင့် သစ်တောမြေများကို ရောင်းချပိုင်ခွင့် မရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)