ပြည် ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခရိုင်မှ ပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကြည်အေးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် အဆင့်အလိုက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ခရိုင်နှင့်မြို့နယ်များမှ ခရိုင်ကိုယ်စားပြုပြိုင်ပွဲဝင်များ၏ ဝတ်စုံပြည့်ဖြင့် အဆို၊ အကနှင့် အတီး လေ့ကျင့်ဖျော်ဖြေမှုများ ဆက်လက်ကျင်းပခဲ့ပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အနုပညာ/အတတ်ပညာရှင်များ တက်ရောက်ကြည့်ရှု အားပေးသည်။
တိုင်းဒေသကြီးအဆင့် ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ပြိုင်ပွဲတွင် ပြည်ခရိုင်မှ အဆင့်မြင့်ပညာအဆင့် (အက) ပြိုင်ပွဲဝင် အမျိုးသားတစ်ဦး၊ အခြေခံပညာ (၁၅-၂၀) အဆင့် အဆို(မဟာဂီတ) ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦး၊ ဝါသနာရှင်(ပထမတန်း)အဆင့် ကာလပေါ်အဆိုပြိုင်ပွဲဝင် အမျိုးသားတစ်ဦး၊ အဆင့်မြင့်ပညာအဆင့်နှင့် အခြေခံပညာ (၁၅-၂၀) အဆင့် ကာလပေါ်အဆိုပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးစီ၊ အခြေခံပညာ (၁၅-၂၀)အဆင့် အကပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦး၊ အဆို(အမျိုးဂုဏ်၊ ဇာတိဂုဏ်)ပြိုင်ပွဲတွင် ဝါသနာရှင် (ဒုတိယတန်းအဆင့်)နှင့် အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင် အမျိုးသမီးတစ်ဦးစီ၊ (ဆိုင်းဝိုင်းအတီး) ပြိုင်ပွဲတွင် အခြေခံပညာ(၁၀-၁၅)အဆင့် အမျိုးသားတစ်ဦးနှင့် ဝါသနာရှင်(ဒုတိယတန်း) အမျိုးသမီးတစ်ဦး၊ (ပတ္တလားအတီး)ပြိုင်ပွဲတွင် အခြေခံပညာ (၁၀-၁၅)အဆင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ဝါသနာရှင် (ဒုတိယတန်း)အဆင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ရုပ်သေးပြိုင်ပွဲ ဝါသနာရှင်(ဒုတိယတန်း) အဆင့် အမျိုးသမီးတစ်ဦး၊ ကဗျာလွတ် (အက)ပြိုင်ပွဲဝင် အဖွဲ့တစ်ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)