ပုသိမ် သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းအုပ်ချုပ်ရေးရုံးအဖွဲ့နှင့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့၏ လူစည်ကားရာ နေရာများ၌ “အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်း စာစောင်များနှင့် သော့ချိတ်များ ဖြန့်ဝေခြင်း၊ ပိုစတာကပ်ခြင်း၊ အများပြည်သူမှ သိလိုသည့် သတင်းအချက် အလက်များကို ဖြေကြားပေးခြင်းဖြင့် စသည်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှစ်စဉ်ဩဂုတ်လ (၃၀) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့” အဖြစ် သတ်မှတ် ထားရှိပြီး အကြောင်းအမျိုးမျိုးကြောင့် တကွဲတပြားဖြစ်သွားသော မိသားစုများကို လူသားချင်းစာနာ ထောက်ထားမှု၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် နိုင်ငံတဝန်းရှိ ကြက်ခြေနီ အသင်းခွဲများက အသိပညာပေးနှိုးဆော်ခြင်း လှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပျောက်ဆုံး/ကွဲကွာနေသော မိသားစုဝင်များကို ရှာဖွေလိုပါက နီးစပ်ရာ မြို့နယ်ကြက်ခြေနီ အသင်းခွဲများထံ ဆက်သွယ်၍ဖြစ်စေ၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ၏ Hotline ဖုန်းနံပါတ် 09-9400 82000 သို့ ဆက်သွယ်၍ဖြစ်စေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ Hotline ဖုန်းနံပါတ် 09-957 557000 သို့ ဆက်သွယ်၍ ဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါကြောင်း သိရသည်။
နွေးနွေးအောင်ကြွယ်(တိုင်းပြန်/ဆက်)