နတ်မောက် စက်တင်ဘာ ၁၄
မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက မဲစာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်မဲစာရင်း မပါဝင်သူများကို ဒုတိယအကြိမ်တွင် မှန်ကန်စွာ ပါဝင်နိုင်ရေး၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရေး၊ ပုံစံ(၃)ဖြင့် ပထမအကြိမ် တောင်းဆိုသူများ ဒုတိယအကြိမ်တွင် ပါဝင်နိုင်ရေး၊ ပြည်ပက တောင်းဆိုထားသည့် ပုံစံ (၁၅)များကို ပုံစံ(၃)ဖြင့် ဆောင်ရွက်ခြင်း၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)၊ မှတ်ပုံတင် ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် တိကျသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှု ရှိစေရေး အတွက် စိစစ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ (၆) ရက်နေ့ကစတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မူမူစန်း(နတ်မောက် )