အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day) အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ငါးသိုင်းချောင်း သြဂုတ် ၃၀

ယနေ့ သြဂုတ်လ (၃၀)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာပျောက်ဆုံးသူများနေ့ (International Disappearance Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ် ကြက်ခြေနီ အသင်းခွဲက ဦးဆောင်၍ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်နှင့် တပ်ဖွဲ့ဝင်များက မိသားစုပြန်လည် ဆက်သွယ်ပေးရေး အသိပညာပေး ပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်ပိုင်း၌ ငါးသိုင်းချောင်းမြို့ မြို့မစျေးထိပ်နှင့် လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြသည်။

အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးကွဲကွာနေသူများ၊ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေသူ များကို မိသားစုနှင့် ပြန်လည်၍ ဆက်သွယ်နိုင်စေရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မိသားစုပြန်လည် ဆက်သွယ်ပေးရေးဌာနက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယခုလို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရေကြည် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သန်းသန်းမြင့်က အသိပေးပြောကြားခဲ့သည်။

ICRC ကထုတ်ဝေသည့် “ကွဲကွာပျောက်ဆုံးနေသော မိသားစုဝင်တစ်ဦးကို ရှာဖွေစုံစမ်းနေပါ သလား” လက်ကမ်းစာစောင်တွင် တကွဲတပြားဖြစ်သွားသော မိသားစုများကို လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် မိသားစုအဆက်အသွယ် ပြန်လည်ရရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်၊ ပျောက်ဆုံးနေသောမိသားစုကို ရှာဖွေရန်နည်းလမ်းများ၊ ဆက်သွယ်၍ အကူအညီရယူနိုင်မည့် တယ်လီဖုန်း နံပါတ်များ ပါဝင်ပြီး လက်ကမ်းစာစောင် (၂၀၀)စောင်ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှင်းယုဝေ (ပြန်/ဆက်)