ကျောင်းကုန်း ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးအောင်ကျော်မြင့်က ထူးချွန်စွာအောင်မြင်ဖို့ဆိုတာ သူများနဲ့မတူတဲ့ ကြိုးစားမှုရှိလို့ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာသို့ ဝင်ခွင့်ရမယ်ဆိုရင် ရိုးရိုးဘွဲ့နဲ့တင် တင့်တိမ်မနေပဲ ပါရဂူဘွဲ့ကို မျှော်မှန်းကြဖို့၊ ပညာရေးတက်မယ်ဆိုရင် BED နဲ့တင် တင့်တိမ်မနေပဲ MED ရောက်အောင် ကြိုးစားကြဖို့လိုကြောင်း၊ အဓိက ဆိုလိုချင်တာက ဆထက်တံပိုး ပိုကြိုးစားကြပါလို့ ပြောကြားခဲ့ပြီး၊
ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပညာရေးဝန်ထမ်းသား သမီးများအား တာဝန်ရှိသူများက ဂုဏ်ပြုချီး မြှင့်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းသားသမီးများတွင် (၅)ဘာသာ (၁)ဦး၊ (၄)ဘာသာ (၂)ဦး၊ (၃)ဘာသာ (၄)ဦး၊ (၂)ဘာသာ (၁)ဦး၊ (၁)ဘာသာ (၁၀)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၆)ဦး၊ စုစုပေါင်း (၂၄)ဦးအား နိုင်ငံတော်မှ ရိုးရိုးအောင်မြင်သူအား ငွေကျပ်(၅)သောင်း၊ တစ်ဘာသာလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦး၊ အထက်တန်းကျောင်းအုပ် ဆရာကြီးများ၊ ထူးချွန်စွာအောင်မြင်သော ပညာရေး ဝန်ထမ်းသားသမီးများနှင့် မိဘများတက်ရောက် ခဲ့ကြကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)