ဒေးဒရဲမြို့၌ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်

ဒေးဒရဲ သြဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက လေးအိမ်ကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံ ဦးကျော်လွင်ထွန်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားကစားနှင့် ပတ်သက်၍ လူငယ်များ သိထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများကို ကျောင်းတာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း

မြို့နယ်(ပြန်/ဆက်)