ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်

ကလေး ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများ စာဖတ်ရှိန်မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေ လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဆက်သွယ်‌ရေး (စာတိုက်) ရုံးများသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဌာနအနေနဲ့ စာကြည့်တိုက်ကို မလာရောက်နိုင်တဲ့ ပြည်သူတွေ၊ အထူးသဖြင့် ရုံးလုပ်ငန်းတာဝန်တွေနဲ့မအားလို့ စာကြည့်တိုက်ကို မလာနိုင်တဲ့ဌာနဆိုင်ရာ ဝန်ထမ်းတွေကို လှည့်လည်ငှားရမ်းပေးနေတာဖြစ်ပါတယ်၊ နောင်များလည်းဌာနဆိုင်ရာရုံးတွေကို အလှည့်ကျ လှည့်လည်ငှားရမ်းပေးသွားမှာဖြစ်ပြီး ငှားရမ်းထားတဲ့ စာအုပ်တွေပြန်အပ်တာကိုလက်ခံ၊ အသစ်ပြန်လည်ငှားရမ်းတဲ့စနစ်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟု ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ပြောကြားသည်။

ကလေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေါ်ဆုနှင်းဝေကလည်း အခုလိုလာရောက်ငှားရမ်းပေးတဲ့အတွက် လည်းကျေးဇူးတင်ပါတယ်၊ နောက်တခေါက်ကျရင်လည်း သူရဇ္ဇ၊ နက္ခတ္တရောင်ခြည်စာအုပ်များလည်း ယူခဲ့စေချင်ပါတယ်၊ စာကြည့်တိုက်မှာလည်း လာရောက်ငှားရမ်းပါဦးမယ်ဟု ပြောကြားခဲ့သည်။

ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှ စာငှားသူ တိုးပွားရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက်  ဌာနဆိုင်ရာရုံးများသို့ နယ်လည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းကို အပတ်စဉ်အင်္ဂါနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စာကြည့်တိုက်သို့ လာရောက်ငှားရမ်းသည့် စာပေဝါသနာရှင်များကိုလည်း သုတ/ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ကဘော်သား