လှိုင်းဘွဲ ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တို့၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်သက်သက်လွင်က လူငယ်ရေးရာဥပဒေဆိုင်ရာများ၊ သက်ငယ်မုဒိမ်းမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က စာဖတ်ရှိန်မြင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)