မြောင်းမြ သြဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစန်းဝင်းက ဦးဆောင်၍ သြဂုတ်လ(၃၀)ရက်နေ့တွင် ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့ (International Disappearance Day)တွင် ကွဲကွာပျောက်ဆုံးနေသော မိသားစုကို ရှာဖွေစုံစမ်းပြီး ပြန်လည်ဆက်သွယ်ပေးရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးသူများနေ့တွင် ကွဲကွာ ပျောက်ဆုံးနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေသူများကို အဆက်အသွယ် ပြန်လည်ရရှိစေရန် ရည်ရွယ်ပြီး ခရိုင်နှင့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာများ၊ ဌာနဆိုင်ရာ ကြော်ငြာဘုတ်များတွင် အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အသိပညာပေးပိုစတာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ဘုတ်၊ ပြည်သူ့ကျန်းမာဦးစီးဌာန၊ ပညာရေးမှူးရုံး အစရှိသည့် ဌာနများတွင် ပြသထားရှိပြီး၊ လူစည်ကားရာနေရာများတွင် ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)