ကော့ကရိတ် သြဂုတ် ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးသူ/စာဖတ်သူအကြိုက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်သင်းသင်းယုက စာရေးဆရာမြင်းခြံကျော်အောင် ရေးသားသည့် “ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်” စာအုပ်တွင်ပါရှိသည့် “အတိုးတက်ဆုံးလူ” ခေါင်းစဉ်မှ လူ့ဘဝမှာကိုယ့်ကိုယ်ကိုအတတ်နိုင်ဆုံး လှအောင်ပြုပြင်ပါ၊ ပထမအနေနဲ့အတွေးလှပါစေ၊ အလိုဆန္ဒလှပါစေ၊ အလုပ်လှပါစေဆိုသည့် အကြောင်းအရာတို့ကိုလည်းကောင်း၊ “ယဉ်ကျေး သိမ်မွေ့စေရန်ပြုပြင်နည်း” ခေါင်းစဉ်မှ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံးယဉ်ကျေးသိမ်မွေ့စေရန် ပထမမိမိစိတ်အား ပြုပြင်ရပါမည်ဆိုသည့် အကြောင်းအရာတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း (ပြန်ဆက်)