ပြည် ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်အုပ်စု ကွက်သစ်(၂)ရပ်ကွက်၌ ဩဂုတ် ၂၇ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းများအတွင်း ရေဝင်များကာ ရေကြီးရေလျှံဖြစ်ပေါ်မှုကြောင့် ရပ်ကွက် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု(၂၂)စုနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁)လုံးတို့အတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရေဘေးရှောင် အိမ်ထောင်စု ၂၂ခုမှ မိသားစုဝင် ၇၆ဦးအတွက် တစ်ဦးလျှင် ဆန်ဘိုးငွေကျပ် ၂၁၀၀နှုန်းဖြင့် စုစုပေါင်း ၁၅၉,၆၀၀ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်အတွက် အိမ်ပြုပြင်ရန်ငွေကျပ် ၅၀၀၀၀နှင့် မိသားစုဝင်(၄)ဦးအတွက် ဆန်ဖိုးငွေ ၈၄၀၀ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေပေါင်း ၂၁၈,၀၀၀ ကျပ်ကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းတို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ မိသားစုဝင်များထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)