ကော့သောင်း စက်တင်ဘာ ၁၄
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်သည့် MT. HAI XING သင်္သော ပေါ်မှ သင်္သောသား(၈)ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက်သည့် M.V EVER ALLIANCE သင်္သောပေါ်မှ သင်္သောသား(၅)ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် MT. BUSAN HOPE သင်္သောပေါ်မှ သင်္သောသား(၁၃)ဦး၊ စုစုပေါင်း သင်္သောသုံးစီးပေါ်မှ သင်္သောသား (၂၆) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္သောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါ မြန်မာသင်္သောသား (၂၆) ဦးမှာ ကော့သောင်း မြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT. HAI XING သင်္သောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်စောသျှားဂေးထူးပါ သင်္သောသား (၇)ဦး ၊ M.V EVER ALLIANCE သင်္သောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးကျော်ထက်လင်းပါ သင်္သောသား (၃) ဦး၊ MT. BUSAN HOPE သင်္သော ပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးစိုးမင်းထွန်းပါ သင်္သောသား (၁၂) ဦးတို့ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။
သင်္သောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္သောသား (၂၆) ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့် မြိတ်မြို့များတွင် Hotel Quarantine (၂၁) ထားရှိပြီး ၎င်းတို့၏ Swab နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)