ငွေဆောင်မြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ငွေဆောင်  စက်တင်ဘာ  ၁၄

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင် ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်သည့် အလေ့အထရရှိစေရန်၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ငွေဆောင်မြို့ကိုဗစ်-၁၉ ကော်မတီမှလမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက ငွေဆောင်မြို့ အ.ထ.က ကျောင်းရှေ့တွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ မှတ်တမ်းရယူကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး နောက်တစ်ကြိမ် ထပ်မံတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး၍ နှာခေါင်းစည်း အခမဲ့ပေးကာ တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းလုပ်ငန်းများကို ငွေဆောင်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)