မြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ‌ရောင်းချရန် အသိပညာပေး ဆောင်ရွက်

 မြိုင် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှု အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်(Take-Away) စနစ်ဖြင့် သာရောင်းချရန် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသော စားသောက်ဆိုင်များအား လိုက်လံအသိပညာပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဆင့်ပွား ကူးစက်မှုခံနေရသူများထဲတွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ရောဂါကူးစက်ခံရသူများ ပါဝင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသောစားသောက်ဆိုင်များအား ပါဆယ် (Take-Away) စနစ်ဖြင့်သာရောင်းချရန် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန် ညွှန်ကြားထားခြင်း ကြောင့် မြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များအား လိုက်လံ၍အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့် စက်တင်ဘာ၁၄ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်(Take-Away)စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေးခဲ့ပြီး ချမှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သူရ(ပုံတောင်)