ရွေ့လျားကျေးလက်ကျန်းမာရေးဆေးခန်း ဖွင့်လှစ်ပြီးကြောင်း အသိပေးတင်ပြခြင်း အခမ်းအနားကျင်းပ

ဖြူး ဩဂုတ် ၂၉

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်ပေးသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် ရွေ့လျားကျေးလက်ကျန်းမာရေးဆေးခန်း ဖွင့်လှစ်ပြီးကြောင်း အသိပေးတင်ပြခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်သူနာပြုအဆင့်(၁)ဒေါ်သန်းသန်းဝင်းနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ တွဲဖက်အတွင်းရေးမှူးဒေါက်တာဌေးလွင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် UNFPA တို့ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်အကြောင်းအား စီမံချက်မန်နေဂျာ ဒေါက်တာတင်မောင်ထွေးက ရှင်းလင်းပြောကြားပြီး ရေတွင်းကုန်းကျေးရွာတွင် ရွေ့လျားကျေးလက်ကျန်းမာရေးဆေးခန်းဆောင်ရွက်ပေးမှုအား ရေတွင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတွင်းကုန်းကျေးရွာ ရွေ့လျားကျေးလက်ကျန်းမာရေးဆေးခန်းကို မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးနှင့် မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း ပိုမိုလက်လှမ်းမီစေရန်အတွက် ကြိုတင်ညှိနှိုင်းရွေးချယ်ထားသော နေရာများတွင် သားဖွားဆရာမများက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး စေတနာရွေ့လျားကျန်းမာရေးဆေးခန်းလုပ်ငန်းများ ဖွင့်လှစ်ပေးသည့်စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)