ထားဝယ် သြဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့် ၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ၏ မူလရှိပြီးဖြစ်သော ခံ့ညားထည်ဝါသည့်ဂုဏ်ဒြပ်များအပြင် တိုင်းဒေသ ကြီး၏ တနံတလျားမှာ အတူတကွနေထိုင်ကြသော သွေးချင်းညီအစ်ကိုမောင်နှမများ၏ ရိုးရာ အနုသုခုမများပိုမိုလေးနက်စွာပေါင်းစပ်နေကြသည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အနှစ်သာရကိုပိုမိုပီပြင် အောင်တိုးတက်ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုနှင့်ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံကြွယ်ဝမှုအကြားတွင် ရောက်နေသော လူငယ်များအနေဖြင့် မြန်မာမှု၊မြန်မာ့ဟန်၊ကိုယ့်တိုင်းရင်းသား ရိုးရာကျေးမှုများမှကင်းကွာ သွေဖီမသွားရအောင် အလေးထားဆောင်ရွက်နေပြီး အခြားတစ်ဖက်မှာလည်း ခေတ်ရေစီးကြောင်းအားချိန်ညှိသည့် သဘောဖြင့် ခေတ်လူငယ်အများစုပိုမိုယဉ်ပါးပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်အတွက် ဖအမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း၊ အဆိုပြိုင်ပွဲကိုထည့်သွင်းပေး ထားခြင်း သည်ခေတ်ကိုမျက်ခြည်မပြတ်ခြင်း၊ ခေတ်လူငယ်များခံစားမှု၊ အားထုတ်မှုကို အသိအမှတ်ပြု လက်တွဲခေါ်ယူခြင်းဖြစ် ကြောင်း၊ထူးခြားချက်အနေဖြင့် ယခုနှစ်တွင်အဖွဲ့လိုက်အကပြိုင်ပွဲများဖြစ် ကြသောမွန်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာအက/ကျေးလက်ရိုးရာအက ပြိုင်ပွဲ များ၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကနှင့် အခြေခံပညာအဆင့် အသက်(၁ဝ-၁၅)နှစ်၊ အမျိုးသမီး၊ အခြေခံ ကဗျာလွတ် (ပထမဆင့်) အကပြိုင်ပွဲများကိုလည်း ပြိုင်ပွဲဝင်များပိုင်ပိုင်နိုင် နိုင်မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်မှုများကိုလည်း အနှစ်သာရကောင်းမွန်စွာ တွေ့မြင်ခံစားကြရမှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် အမျိုးသားအကျိုးစီးပွားနှင့်ထာဝရ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ ထုထည်ကြီးမားစွာဆောင်ပေးရန် ယခုပြိုင်ပွဲကြီး ကနေပါဝင်ဆင်နွှဲရင်း(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ဦးတည်ချက်များကို ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပြီး ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည် တံ့အောင်ကြိုးပမ်းကြရန်လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မွန်ရိုးရာအကများ၏ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်ပိုက်ပိုက်အေး၊ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ ပြိုင်ပွဲဝင်မိဘများနှင့်ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာ အဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၃၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)